Tuesday, 20 March 2018 05:26

MUSHROOM TRAINING

တောင်ကြီးမြို့တွင် ကောက်ရိုးမှိုစိုက်ပျိုးရေးနှင့် မှိုထုတ်ကုန်သင်တန်းများ အခမဲ့ဖွင့်လှစ်မည်

တောင်ကြီးမြို့အနီး၊ အေးသာယာထုံးဖိုနယ်မှာ ကောက်ရိုးမှိုစိုက်ပျိုးရေးနှင့် မှိုထုတ်ကုန်သင်တန်းတွေ အခမဲ့ ဖွင့်လှစ်မယ်လို့ ဒေသခံ မှိုစိုက်တောင်သူတွေက ပြောပါတယ်။ တောင်ကြီးမြို့ အနီးတ၀ိုက်ဒေသတွေမှာ မှိုဈေးကွက်ကောင်းမွန်ပြီး မှိုစိုက်ပျိုးရေးကို စိတ်ဝင်စားသူ များပြား သော်လည်း စိုက်ပျိုးနည်းစနစ်ပိုင်းကို စနစ်တကျသိရှိမှု အားနည်းနေသေးတယ်လို့ သင်တန်းဦးဆောင် ဖွင့်လှစ်သူက ကိုပြည့်မြတ်နိုးက ပြောပါတယ်။

သင်တန်းဖွင့်တဲ့ ရည်ရွယ်ချက်ကတော့ မှိုစိုက်တောင်သူတွေ အဆင်ပြေစေဖို့ပါ။ စိုက်နည်းစနစ် သေချာ မသိတဲ့သူတွေ များတယ်ဗျ။ စိုက်နည်းစနစ်ကို ဂဃနဏ သိအောင်လို့ပါ။ ဒီဘက်မှာ တစ်ခြားမြို့တွေထက် ဈေးကွက်ကောင်းနေသေးတယ်။ ငွေနှင်းမှိုဆို တစ်ပိဿာ ၃၀၀၀ ကျပ်ကနေ ၄၀၀၀ ကျပ်၊ ကောက်ရိုးမှို တစ်ပိဿာ ၅၀၀၀ ကျပ်၊ ၆၀၀၀ ကျပ်ကြား ဈေးရနေပါတယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ရွှေညောင်မြိ့မှ မှိုစိုက်တောင်သူ ကိုပြည့်မြတ်နိုးက ပြောပါတယ်။

မတ်လ ၂၃ ရက်မှာ သင်တန်း စတင်ဖွင့်လှစ်မှာဖြစ်ပြီး ကောက်ရိုးမှို စိုက်ပျိုးပြုစုတဲ့ နည်းပညာ အခက်အခဲတွေရဲ့အကြောင်း၊ မှိုစိုက်ပျိုးပြုစု စီမံခန့်ခွဲပုံ၊ ကောက်ရိုးမှို လက်တွေ့စိုက်ပျိုးရေး နည်းစနစ်တွေကို လက်တွေ့ပြသခြင်း၊ မှိုရုံဆောက်ခြင်း နည်းပညာ၊ မှိုထုတ်ကုန်ထုတ်လုပ်တဲ့ နည်းစနစ်နဲ့ မှိုကုန်ချောတွေရဲ့ အကြောင်း စတာတွေ ဆွေးနွေးသင်ကြားမှာပါ။

မှိုဈေးကွက်ကတော့ ကျွန်တော်တို့ ဒေသထဲမှာပဲ ရောင်းလို့ ကုန်တယ်ဗျ။ ဒါပေမယ့် စိုက်သားအားလုံးက မှိုအစို ဈေးကွက်မှာ စုပြုံတိုးနေကြတာ။ ကြာလာရင် ဈေးကွက်မပျက်အောင်လို့ မှိုကုန်ချောထုတ်လုပ်မှု ဘက်ကိုလည်း သွားစေချင်လို့ပါ။ တစ်ရက်ခံတဲ့ မှိုအစိုတွေကို ကုန်ချောထုတ်လိုက်ရင် သုံးလကနေ ခြောက်လအထိ တာရှည် ခံသွားမယ်လို့ ကိုပြည့်မြတ်နိုးက ဆက်လက်ပြောပါတယ်။

သင်တန်းကြေး အခမဲ့သင်ကြားပေးသွားမှာ ဖြစ်ပြီး ခန့်မှန်း တောင်သူဦးရေ ၃၀ ဦးမှ ၅၀ ဦးအထိ လာရောက် သင်ကြားမယ်လို့ သိရပါတယ်။

နန်းထက်ထက်ချစ်

Myanmar Business Directory-Upper/Lower

Read 2137 times
Rate this item
(1 Vote)