Thursday, 21 June 2018 10:15

RE-FARMING

မင်းဘူး (စကု) မြို့နယ်တွင် နှမ်းစိုက်ခင်းများ ရေနစ်ပျက်စီးသော်လည်း နှမ်းဈေး မြင့်တက်လာ၍ တောင်သူများ ပြန်လည်စိုက်ပျိုးနေ

          မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ်အတွင်း ၆ ရက်တိုင်တိုင် မိုးဆက်တိုက် ရွာသွန်းခဲ့တာကြောင့် စိုက်ပျိုးထားတဲ့ နှမ်းစိုက်ခင်းတွေ ရေနစ်ပျက်စီးခဲ့ပေမယ့်လည်း ယခုလပိုင်းမှာ နှမ်းဈေးမြင့်တက်နေတာကြောင့် ထပ်မံ ထွန်ယက်စိုက်ပျိုးနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။

          မြို့နယ်အတွင်းရှိ ကျောက်တန်း၊ ရေမျက်၊ မောင်းမကန်၊ ရေတွင်းကုန်း၊ ပေါက်ပင်တွင်း၊ ဆင်လမ်းကြီး၊ မုန်ထောင်၊ သီးကုန်း၊ ဆင်ခေါင်း၊ ကုန်းသာ စတဲ့ကျးရွာတွေမှာ မိုးရွာသွန်းမှုများခဲ့ပြီး နှမ်းခင်းတွေ ပျက်စီးခဲ့ကြောင်းသိရပါတယ်။

          "တစ်နယ်လုံးက နှမ်းတောင်သူ တော်တော်များများ စိုက်ခင်းတွေ ပျက်စီးခဲ့ကြတယ်။ ပျက်သွားတဲ့ နှမ်းစိုက်ခင်းတွေကို ပြန်မစိုက်ဘဲနေတာ။ နှမ်းဈေးက ကောင်းနေတော့ ပျက်တဲ့နေရာတွေ ထပ်ပြီးထွန်ယက် စိုက်ပျိုးနေပါတယ်" လို့ မင်းဘူးမြို့နယ် ရေမျက်ကျေးရွာမှ တောင်သူ ကိုမင်းမင်းဦးက ပြောပါတယ်။

          ယခုလက်ရှိတွင် နှမ်းဖြူတစ်တင်းကို ငွေကျပ် ၅၁ဝဝဝ၊ နှမ်းနက်တစ်တင်းကို ငွေကျပ် ၄၈ဝဝဝ၊ နှမ်းနီ၊ နှမ်းညိုတစ်တင်းကို ငွေကျပ် ၃၆ဝဝဝ ရှိပြီး တရုတ်နိုင်ငံက မှာယူမှု များပြားနေတာကြာင့် အခုကဲ့သို့ ဈေးမြင့်တက် လာခြင်းဖြစ်ကြောင်း မကွေးမြို့ရှိ နှမ်းကုန်သည်ကြီးများထံမှ သိရပါတယ်။

          "အခု နှမ်းဈေးက ကောင်းနေတော့ ပျက်သွားတဲ့ အခင်းတွေကို အစားထိုးပြန်စိုက်နေတယ်။ နွေနှမ်းစိုက်တဲ့ စကုနယ်၊ ပွင့်ဖြူနယ်တွေက နှမ်းခင်းတွေ ရေနစ်ပျက်စီးကုန်တယ်။ နှမ်းပေါ်ချိန် နှမ်းအထွက်နည်းမှာကြောင့် နှမ်းဈေးတွေ မြင့်တက်ခဲ့တာပါ။ အရင်နှစ်က နှမ်းဈေးမကောင်းတော့ အခုလို ရေနစ်ခဲ့တဲ့အခင်းတွေကို ပြန်မစိုက်ခဲ့ကြဘူး။ ပြန်စိုက်မယ်ဆို စိုက်ပျိုးစရိတ်က တက်လာမှာပါ။ ဒါပေမဲ့ နှမ်းဈေးကောင်းတော့ ဒေသကတောင်သူတွေ ပျက်သွားတဲ့ အခင်းတွေကို ပြန်ပြီး စိုက်နေကြတယ်" လို့ မင်းဘူးမြို့နယ် ပေါက်ပင်တွင်း ကျေးရွာမှ တောင်သူ ကိုဝင်းလှိုင်က ပြောပြသည်။

Source: The Myawady Daily

Read 1073 times Last modified on Thursday, 21 June 2018 10:21
Rate this item
(1 Vote)