Thursday, 19 April 2018 08:11

EXPORT GOLD

ရန်ကုန်နှင့် မန္တလေးမှ ရွှေလုပ်ငန်းရှင်များ ပူးပေါင်းပြီး မြန်မာ့ရွှေ ပြည်ပတင်ပို့ရန်စီစဉ်နေ

        ပြည်ပကို ရွှေတင်ပို့နိုင်စေဖို့ ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ ရွှေလုပ်ငန်းရှင်တွေအသင်းတို့ ပူးပေါင်းပြီး အများပိုင်ကုမ္ပဏီ ဖွဲ့စည်းသွားမှာဖြစ်ကြောင်း ဧပြီ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အဆင့်မြင့် ရွှေဈေးကွက် စီမံချက် အစည်းအဝေးပွဲမှာ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောပါတယ်။

          “ပြည်တွင်းရွှေဈေးကွက် အခုထက်ဖွံ့ဖြိုးလာဖို့ ရန်ကုန်အသင်းနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တာပါ။ ကွာဟမှုလေးတွေ ရှိတာကိုတော့ ညှိပြီးလုပ်သွားပါ့မယ်” လို့ ဦးတင်ထွန်းက ပြောပါတယ်။

          ရန်ကုန်တိုင်းအတွင်းမှာ ရွှေနဲ့သက်ဆိုင်တဲ့ အသင်းအဖွဲ့ ၃ ခုရှိတဲ့အနက် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တာက လုပ်ငန်းသဘောသဘာဝ အနီးစပ်ဆုံး ဖြစ်တာကြောင့်လို့လည်း ပြောပါတယ်။

          “ကျွန်တော်တို့အသင်း ဖွဲ့စည်းပုံမှာကိုက မိတ်ဖက်ညီနောင်အသင်းတွေနဲ့ ပူးပေါင်းဖွဲ့စည်းရမယ်ဆိုတာ ပါတယ်။ ဒီလိုပဲ စတော့အိတ်ချိန်းပေါ်လာမှ မဂိုလမ်း ရွှေဈေးကွက် ပျက်သွားတာမျိုးလည်းမဖြစ်ရအောင် ခေတ်စနစ်နဲ့ လျော်ညီတဲ့ ပုံစံမျိုးဖြစ်အောင် ကျွန်တော်တို့ကစပြီး အပြောင်းအလဲ လုပ်တာဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်ကလည်း ပြောပါတယ်။

          ပြည်တွင်းရွှေဈေးကွက် အဆင့်မြှင့်တင်ရေးစီမံချက်ကို ပြည်ထောင်စုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးဝန်ကြီးဌာနက ဦးဆောင်စီစဉ်လျက်ရှိပြီး ရွှေအရောင်းအဝယ်မှာ စတော့အိတ်ချိန်းပုံစံ၊ လေရောင်းလေဝယ် (လေပတ်ကား) နဲ့ ရွှေထိငွေထိ ရောင်းဝယ်ခြင်းတွေရှိရာ လုပ်ငန်းရှင်တွေ အနေနဲ့ ခေတ်နဲ့အညီ လက်ရှိအခြေအနေ မပျောက်ပျက်ဘဲ လုပ်ကိုင်နိုင်စေဖို့ လိုလားကြတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

          အခုလအတွင်းမှာ ရန်ကုန်နဲ့ မန္တလေး ရွှေလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းကာ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းနိုင်ဖို့ အချက်တွေကို ဆွေးနွေးဆုံးဖြတ်သွားမှာဖြစ်ပြီး အခုနောက်ပိုင်း သက်ဆိုင်ရာ တိုင်းအစိုးရတွေဆီ တင်ပြကာ အခုနှစ်အတွင်းမှာပဲ အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း သိရပါတယ်။

          လွန်ခဲ့တဲ့ ၄ နှစ်ခန့်က မြန်မာ့ရွှေ ဝယ်ယူဖို့ ထိုင်းဘက်က ကမ်းလှမ်းချက်တွေ ရှိခဲ့ပေမယ့်လည်း တရားဝင်တင်ပို့ခွင့် မရှိသေးတာကြောင့် အဲဒိအခွင့်အရေးကို လက်လွှတ်ခဲ့ရပြီး အများပိုင်ကုမ္ပဏီဖွဲ့စည်းခွင့် ရပြီးတဲ့နောက်မှာတော့ နိုင်ငံခြားဈေးကွက်ကို တင်ပို့နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဦးတင်ထွန်းက ပြောပါတယ်။ ဒါ့အပြင် အိန္ဒိယနဲ့ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေကလည်း မြန်မာ့ရွှေဝယ်ယူဖို့ အလားအလာရှိတယ်လို့ သိရပါတယ်။

          ပြည်တွင်းရွှေဈေးကွက်မှာ ၂၀၁၇ ဇူလိုင်လကစပြီး ၁ ကျပ်သားကို ကျပ် ၇ သိန်းကျော်၊ ၈ သိန်းကျော်မှ ဈေးနှုန်းတဖြည်းဖြည်းမြင့်တက်လာရာ ၂၀၁၇ စက်တင်ဘာလမှာတော့ ၉ သိန်း ၅ သောင်းကျော်အထိ စံချိန်တင် မြင့်တက်ခဲ့တာဖြစ်ပါတယ်။ အဲဒိအချိန်ကစပြီး အခုလက်ရှိအချိန်ထိ ရွှေ ၁ ကျပ်သားဈေးနှုန်းဟာ ၉ သိန်းဝန်းကျင်မှာပဲ ရှိနေပြီး ဧပြီ ၁၈ ရက်နေ့ ရွှေဈေးနှုန်းမှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၉ သိန်း ၄ သောင်းဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။

Source: The Irrawaddy _ Burmese Edition

         

Read 1232 times
Rate this item
(2 votes)