Thursday, 12 April 2018 08:10

YANGON - DALA BRIDGE

ရန်ကုန် - ဒလ တံတားစီမံကိန်း မေလတွင် စတင်လုပ်ဆောင်မည်

ကန့်ကွက်မှုတွေရှိထားတဲ့ ရန်ကုန် - ဒလ တံတားစီမံကိန်းကို လာမယ့် မေလကပြီး တံတားတည်ဆောက်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်တော့မယ်လို့ ဒလမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောပါတယ်။ ရန်ကုန် - ဒလ တံတားစီမံကိန်းနဲ့ပတ်သတ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ တည်ဆောက်ရေးလုပ်ငန်း လုပ်ဆောင်မယ့် ဌာနဆိုင်ရာများ၊ ဆိပ်ကမ်း ကုမ္ပဏီများနဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့ဟာ တွေ့ ဆုံပြီး ဆွေးနွေးခဲ့ကြပါတယ်။

”တည်ဆောက်ဖို့ကတော့ လုံးဝသေချာသွားပါပြီ။ မေလပိုင်းထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ စလုပ်ပြီလို့ ပြည်ထောင်စုဆောက်လုပ်ရေး အင်ဂျင်နီယာချုပ်က ပြောပါတယ်။ တံတားက ပြည်ထောင်စု ဆောက်လုပ်ရေးက ဆောက်သွားမှာပါ။ တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ဆောင်မှာမဟုတ်ဘူး” လို့ ဦးထွန်းရင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလပိုင်းက ရန်ကုန် - ဒလ တံတားစီမံကိန်းဟာ နိုင်ငံ့စီးပွားရေး ထိခိုက်နိုင်တယ်ဆိုပြီး မြန်မာ့စက်မှုဆိပ်ကမ်း (MIP) က ကန့်ကွက်မှုတွေရှိတယ်လို့ ဒလမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောခဲ့ပါတယ်။

တံတားဆောက်လုပ်လိုက်မယ်ဆိုရင် မြစ်ကြောင်းပြောင်းလဲကာ ဆိပ်ကမ်း ၇ ခုမှာ သောင်ထွန်းနိုင်တယ်ဆိုပြီး ကန့်ကွက်နေတာဖြစ်ပါတယ်။ တံတားဆောက်လုပ်လိုက်မယ်ဆိုရင် နိုင်ငံတကာက လာမယ့် သဘောင်္ကြီးတွေအနေနဲ့ အခက်အခဲဖြစ်နိုင်တာမို့ နိုင်ငံတကာဝင်ငွေလည်း ထိခိုက်နိုင်တယ် ဆိုပြီးတော့လည်း ကန်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လပိုင်းတွေကတော့ မြေနေရာလျော်ကြေးများပေးခြင်း၊ မလွတ်တဲ့သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြေညှိခြင်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ဆောင်မယ့် နယ်နိမိတ်ကို သွပ်ပြားများ ကာရံခြင်းများ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

”မလွတ်တဲ့ဘုရားကြီးကို ရွေ့ဖို့တောင် ဒီနေ့ပဲ ရွှေ့မယ်နေရာမှာ ပနတ်သွားရိုက်ကြတယ်။ လျော်ကြေးကိစ္စတွေလည်း ပြီးပြီ။ စဆောက်ဖို့ပဲကျန်တော့တာ” လို့ ဒလမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောပါတယ်။

ရန်ကုန် - ဒလတံတားစီမံကိန်းဟာ ကိုရီးယား - မြန်မာချစ်ကြည်ရေးအနေနဲ့ ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ EDCF Lone မှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇.၈၃၃ သန်းနဲ့  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရမှ ထည့်ဝင်ငွေ ၃ဝ.၃၄၁ သန်းတို့နဲ့ မတည်တည်ဆောက်တာပါ။ ခန့်မှန်းကုန်ကျနိုင်ငွေ အမေရိကန်ဒေါ်လာ ၁၆၈.၁၇၃ သန်း ကုန်ကျနိုင်ချေရှိတယ်လို့ ခန့်မှန်းထားကြတာဖြစ်ပါတယ်။ တံတားစီမံကိန်းနဲ့မလွတ်တဲ့ နေအိမ်များအတွက် ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က မြေယာလျော်ကြေးများ ပေးလျော်ထားပြီး မလွတ်ကင်းတဲ့ သာသနိက အဆောက်အအုံတွေလည်း ပြောင်းရွှေ့ခွင့် ကျထားပြီးဖြစ်ပါတယ်။ ပေ (၄ဝ x ၆ဝ) မြေတစ်ကွက်ကို ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာ/ အခွန်မှ သတ်မှတ်ဈေးနှုန်း သိန်း ၁၅ဝ နဲ့ မြို့မြေဖြစ်တာကြောင့် သိန်း ၄၅ဝ နှုန်း လျော်ကြေးသတ်မှတ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။

ဆောက်လုပ်သွားမယ့် တံတားအမျိုးအစားဟာ သံမဏိကြိုးဆိုင်း တံတားအမျိုးအစားဖြစ်ပြီး စုစုပေါင်းတံတားအရှည် ၆၁၄၃ ပေ၊ ပင်မတံတားအရှည် ၁၉၃၆ ပေရှိပြီး လေးလမ်းသွားတံတား ဖြစ်ပါတယ်။ ရန်ကုန်ဘက်ကမ်း ချဉ်းကပ်တံတားအရှည် ၂ဝ၂၆ ပေ၊ ဒလဘက်ကမ်း ချဉ်းကပ်တံတားအရှည်မှာ ၂၁၈၂ ပေရှိပြီး လှိုင်မြစ်အတွင်း သွားလာနေသော တန်ချိန် ၁၅ဝဝဝ ရှိ DWT Cargo သင်္ဘောကြီးများ ရေလမ်းကင်းလွတ်စွာ သွားလာနိုင်စေဖို့ ရေလမ်းကင်းလွတ်အမြင့်ပေ ၁၆ဝ၊ ရေလမ်းကင်းလွတ်အကျယ် ၅၂၅ ပေ ဒီဇိုင်းတွက်ချက်ရေးဆွဲထားပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ခံနိုင်ဝန် ၇၅ တန်ဖြစ်တယ် လို့ သိရပါတယ်။

Source: Popular News Journal

Read 3366 times Last modified on Thursday, 12 April 2018 08:13
Rate this item
(1 Vote)