Wednesday, 21 March 2018 10:37

PRODUCTION PRODUCT

တိုင်းရင်းသားလူမျိုးတစ်ခုလျှင် ထုတ်ကုန်တစ်ခု ထုတ်လုပ်နိုင်ရန် ဆောက်ရွက်မည်ဟုဆို

          မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတစ်စုကို ထုတ်ကုန်ပစ္စည်းတစ်ခုစီ ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း UMFCCI မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်း ဖွဲ့စည်းဆောင်ရွက်နိုင်ရေး အစည်းအဝေးမှာ မွန်ပြည်နယ် ကုန်သည်ကြီးများအသင်း ဒုဥက္ကဋ္ဌ မင်းဗညားစံက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

          “ကျွန်တော်တို့အသင်းကို လူမျိုးအခြေခံတဲ့အသင်းနဲ့ ဖွဲ့စည်းပေးမှာဖြစ်ပါတယ်။ လူမျိုးတစ်မျိုးချင်းစီရဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေ စုဖွဲ့ရမှာဖြစ်ပါတယ်။ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုရှိတယ်။ ဒါပေမယ့် တိုင်းရင်းသား လုပ်ငန်းရှင်မရှိဘူး။ ဒါတွေက ဘာကြောင့်လဲဆိုတော့ မိမိတို့နဲ့ ကိုက်ညီတဲ့ စီးပွားရေးလုပ်ငန်းကို မသိလို့ဖြစ်တယ်” လို့ မင်းဗညားစံက ပြောပါတယ်။

          “ယိုးဒယားနိုင်ငံမှာဆိုရင် ရွာတစ်ရွာမှာ ပစ္စည်းတစ်မျိုး ထွက်ရမယ်ဆိုပြီး လုပ်ကြတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ အများကြီးရှိတယ်။ အခုကာလမှာ တိုင်းရင်းသားဝတ်စုံတွေ တော်တော်လေးကို လုပ်ကြတယ်။ ဒါ့ကြောင့် ဒီအသင်းပေါ်ပေါက်ပြီးရင် တိုင်းရင်းသားလူမျိုးတစ်မျိုးစီရဲ့ ထုတ်ကုန်တစ်မျိုးကို ဖြစ်အောင်လုပ်မယ့် ကျွန်တော်တို့အစီအစဉ်တွေ အများကြီးရှိပါတယ်” လို့ ၄င်းက ဆက်ပြောပါတယ်။

          မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကို မတ်လ ၁၇ ရက်နေ့က UMFCCI မှာပြုလုပ်တဲ့ အစည်းအဝေးပွဲမှာ တိုင်းရင်းသားလူမျိုး ၈ မျိုးကို အခြေခံကာ ကနဦးဖွဲ့စည်းထားပြီး အဲဒိ အသင်းအောက်မှာတော့ တိုင်းရင်းသားလူမျိုးစု တစ်မျိုးချင်းစီအလိုက် ညီနောင်အသင်းတွေကို အခုနှစ်ကစပြီး ၁ နှစ်ကျော်ကာလအတွင်းမှာ ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ၄င်းက ပြောပါတယ်။

          “ဒီအသင်းက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေ အားလုံးပေါင်းပြီးတော့ စီးပွားရေးလုပ်ငန်းရှင်အသင်းကို လုပ်မှာဖြစ်တယ်။ တိုင်းရင်းသားနယ်ပယ်အသီးသီးမှာရှိတဲ့ နိုင်ငံရေး၊ စီးပွားရေးကအစ လူမှုရေးအားလုံးကို ထိတွေ့ဆက်စပ်မှုဖြစ်အောင် စလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်” လို့ UMFCCI ရဲ့ ဒုဥက္ကဋ္ဌ ဦးမောင်မောင်လေးက ပြောပါတယ်။

          “အဓိကက နှစ်ပေါင်း ၇၀ လောက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမရှိဘူး။ ဒေသအတွင်းမှာ တိုးတက်မှုမရှိဘူး။ ပညာတတ်သင့်သလောက် တတ်မလာဘူး။ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ ဆက်ဆံလို့မရတဲ့အတွက် ငြိမ်းချမ်းရေးလည်း ရမလာဘူး။ ဒါကို ဘက်ပေါင်းစုံကနေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း UMFCCI ကနေစပြီးတော့ ဒီအသင်းကို အားပေးပြီး ဖွဲ့တာဖြစ်ပါတယ်” လို့ ၄င်းက ရှင်းပြပါတယ်။

          လက်ရှိတိုင်းရင်းသားဒေသတွေမှာ ဒေသထွက်ကုန်တွေက ရှိပြီးသားဖြစ်ပြီး အဲဒိထွက်ကုန်တွေကို တစ်နိုင်ငံလုံးရဲ့ ဈေးကွက်တစ်ခုထဲ ရောက်ရှိသွားစေဖို့အတွက် လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။ အဲဒိကနေတစ်ဆင့် ပြည်တွင်းဈေးကွက်ကနေ နိုင်ငံတကာဈေးကွက်အတွင်းကို ရောက်ရှိသွားနိုင်ဖို့အတွက် UMFCCI က လုပ်ပေးတာဖြစ်ကြောင်းကိုလည်း သုံးသပ်ပြောကြားခဲ့ပါတယ်။

          အခုလိုမျိုးပြုလုပ်လာတာကြောင့် ဒေသတွင်းမှာရှိတဲ့ လူမျိုးစုတွေအလိုက် စီးပွားရေးတိုးတက်လာခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်စတဲ့ အခြေအနေတွေ ကောင်းမွန်လာမယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးဘက်ကို ဆွဲဆောင်သွားနိုင်မှာဖြစ်ကြောင်း ဦးမောင်မောင်လေးက ပြောပါတယ်။

Source: The Irraweddy _ Burmese Edition

Read 1224 times
Rate this item
(0 votes)