Wednesday, 17 January 2018 08:26

REGISTRATION FEE

အသေးစား ကုမ္ပဏီများ မှတ်ပုံတင်ကြေး လျှော့ချရန် စီစဉ်နေ

ပြည်တွင်းမှာရှိတဲ့ အသေးစား ကုမ္ပဏီငယ်တွေကို ကုမ္ပဏီမှတ်ပုံတင်ကြေး လျှော့ချ ကောက်ခံသွားမှာ ဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောပါတယ်။

 “အသေးစားကုမ္ပဏီတွေက အကြီးစားကုမ္ပဏီတွေလိုမျိုး နှစ်စဉ် နှစ်ပတ်လည် အထွေထွေ အစည်း အဝေး ခေါ်စရာမလိုတာက တစ်ချက်၊ ပြီးတော့ ဖိုင်နယ်စာရင်းစစ်က အသေးစားဆို ကျပ် ၁၀ သိန်းလောက် ကုန်တယ်။ ဒါကို ကျွန်တော်တို့ ဥပဒေသစ်အရ ဖြေလျှော့ပေးမယ်။ ကုမ္ပဏီ မှတ်ပုံတင်ကြေးကို လျှော့ပေးဖို့ ရှိတယ်။ ကုန်ကျစရိတ် သက်သာအောင် လုပ်တဲ့အပိုင်းပဲ ဖြစ်ပါတယ်” လို့ ဇန်နဝါရီလ ၁၃ ရက်နေ့က UMFCCI မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့ စီးပွားရေး ဖြတ်သန်းမှု – ဒဿနအမြင်၊ မူဝါဒ နှင့် လက်တွေ့ ကျင့်သုံးခြင်း ဆွေးနွေးပွဲမှာ ဦးအောင်နိုင်ဦးက ပြောခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ဥပဒေအရ အသေးစား ကုမ္ပဏီတွေကို ခွဲခြားပြီးသွားရင် ကုမ္ပဏီကြီးဆို မှတ်ပုံတင်ကြေး တမျိုးနဲ့ အသေးစား ကုမ္ပဏီတွေကိုဆို သုံးပုံတပုံ လျှော့၍ ကောက်ခံသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ “လျှော့ချပေးမယ့် အသေးစား ကုမ္ပဏီလေးတွေအတွက် မှတ်ပုံတင်ကြေး ပမာဏ ကိုတော့ တွက်ချက်နေတုန်းပဲ ရှိပါသေးတယ်။ အတိအကျ မဆုံးဖြတ်ရ သေးပါဘူး” ဦးအောင်နိုင်ဦးက ပြောပါတယ်။

အသေးစားလုပ်ငန်းလို့ ဆိုရာမှာတော့ ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်း အင်အား ၃၀ အောက်၊ တစ်နှစ်ဝင်ငွေ ကျပ်သန်း ၅၀ အောက် ရှိတဲ့ ကုမ္ပဏီတွေကို အသေးစားကုမ္ပဏီတွေအနေနဲ့ သတ်မှတ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ ကုမ္ပဏီမှတ်ပုံတင်ကြေး နှုန်းထားတွေကို ကုမ္ပဏီ အကြီး၊ အသေး ခွဲခြား သတ်မှတ်ထားခြင်း မရှိဘဲ ကျပ် ၅ သိန်းနဲ့သာ တပြေးညီ ကောက်ခံနေတာဖြစ်ပါတယ်။

 “အခု ကုမ္ပဏီ မှတ်ပုံတင်ကြေးကတော့ နည်းလာပါတယ်။ ခြေနိုင် လက်နိုင်လေး ဖြစ်လာတယ်။ ဈေးနူန်း သက်သာလာပါတယ်။ အန်ကယ်တို့ ဆီကို Complaints တွေ မတက်တော့ အသေးစိတ်တော့ ဈေးနူန်းတော့ အသေအချာ မသိဘူး” လို့ UMFCCI ဒုဥက္ကဌ ဒေါက်တာ မောင်မောင်လေးက ပြောပါတယ်။

ဒါ့အပြင် “ကုမ္ပဏီတစ်ခု စဖို့ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေအရ ပိုက်ဆံရှိလို့ စတဲ့သူရှိသလို၊ ရှိစုမဲ့စုလေးကို ခြစ်ကုတ်ပြီး လုပ်ငန်းရှင်ဖြစ်မယ် ဆိုပြီး စတဲ့သူတွေလည်း အများကြီးပါ။ ဒါကြောင့် လွယ်လွယ်ကူကူ ပါဝင်ခွင့်ရမယ်ဆိုရင်၊ လူများများ ပါဝင်လာမှာဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် ပြိုင်ဆိုင်မှုတွေ ကောင်းမယ်၊ စားသုံးသူ အတွက်လည်း ရွေးချယ်စရာ ရှိလာမယ်။ ဒါကြောင့် ဖြေလျှော့ပေးမှာကို ကြိုဆိုပါတယ်” လို့ မြန်မာ့စီးပွားဆက် လုပ်ငန်းစု ဥက္ကဌ ဦးအောင်စိုးသာက ပြောပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ကို မှတ်ပုံတင်ထားတဲ့ မြန်မာကုမ္ပဏီ အကြီးစားနဲ့ အသေးစား စုစုပေါင်း ၆ သောင်းကျော်၊ နိုင်ငံခြားသား ကုမ္ပဏီ ၇ ထောင်ကျော်ရှိပြီး ၂၀၁၇ ခုနှစ်အတွင်းမှာ မှတ်ပုံတင်တဲ့ မြန်မာ ကုမ္ပဏီအသစ် စုစုပေါင်း ၇၁၄၁ ခုနဲ့ နိုင်ငံခြားသား ကုမ္ပဏီ အသစ် ၉၈၀ ရှိတယ်လို့လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံ ကုမ္ပဏီဥပဒေသစ်က ယခုနှစ် သြဂုတ်လမှာ စတင် အသက်ဝင် ကျင့်သုံးနိုင်မှာ ဖြစ်ပြီး ဥပဒေ စတင် ကျင့်သုံးပြီး နောက်ပိုင်းမှာတော့ အသေးစား ကုမ္ပဏီ မှတ်ပုံတင်ကြေးကို လျှော့ချ သတ်မှတ်သွားမှာဖြစ်တယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာ လွှတ်တော်က အတည်ပြု ထုတ်ပြန်ပေးခဲ့ပြီး ဒီဥပဒေကို စတင်ကျင့်သုံးဖို့အတွက် ကုမ္ပဏီတွေ မှတ်ပုံတင်ဖို့် စမ်းသပ် လုပ်ဆောင်တာတွေ၊ သက်ဆိုင်သူတွေနဲ့ ဆွေးနွေးတာတွေ၊ အများပြည်သူကို ဥပဒေနဲ့ပတ်သက်ပြီး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ဖို့အတွက် ဌာနက ဝန်ထမ်းတွေကို ဥပဒေသင်တန်းပေးခြင်း စတာတွေကို အချိန်ယူ လုပ်ဆောင်ရမှာ ဖြစ်တာကြောင့် သြဂုတ်လ ၁ ရက်နေ့မှသာ ကျင့်သုံးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ကုမ္ပဏီတစ်ခု တည်ထောင်တယ်ဆိုရင် အမြတ်ပေါ်လာမှသာ မြတ်တဲ့ အမြတ်ရဲ့ ၂၅ ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ် ပေးဆောင်ရမှာဖြစ်ပြီး အကယ်၍ ကုမ္ပဏီ အရှုံးပေါ်နေတယ်ဆိုရင်တော့ ပေးဆောင်စရာ မလိုကြောင်း၊ ဒါပေမယ့်လည်း အခွန်ဆောင်တဲ့ အပိုင်းမှာ မည်သူမဆို နိုင်ငံသားတိုင်း သတ်မှတ်ထားတဲ့ ဝင်ငွေရှိလာပြီဆိုရင် ဝင်ငွေခွန်ဆောင်ရမှာ ဖြစ်တာကြောင့် အခွန်နဲ့ပတ်သက်ပြီး ကင်းလွတ်ခွင့် ပေးထားတာမရှိဘူးလို့ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအရ သိရပါတယ်။

“တစ်ခုရှိတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဥပဒေမှာ ကုမ္ပဏီ သေးသေး၊ ကြီးကြီး MIC ကို တင်ခွင့်ရှိတယ်။ MIC ကနေ ခွင့်ပြုမိန့် ရထားရင်တော့ ကျွန်တော်တို့က သူ့ဒေသအပေါ် မူတည်ပြီးတော့မှ ဝင်ငွေခွန်ကို ၃ နှစ်ကနေ ၇ နှစ်အထိ ကင်းလွတ်ခွင့် ကျွန်တော်တို့ ပေးမယ်။ ဒါက MIC ခွင့်ပြုထားတဲ့ လုပ်ငန်းဖြစ်တယ်။ ဥပမာ – ကလောမှာ ဟိုတယ် တလုံး ဆောက်တယ်ဆိုရင် ဝင်ငွေခွန် ကင်းလွတ်ခွင့် ၅ နှစ်ပေးမယ်။ လှိုင်သာယာ စက်မှုဇုန်မှာ ဖယောင်းတိုင် စက်ရုံ ထောင်မယ် ဆိုရင် ဝင်ငွေခွန် ကင်းလွတ်ခွင့် ၃ နှစ်ပေးမယ်။ ဒါကဥပဒေအရ ပေးမှာဖြစ်ပါတယ်” လို့ ဦးအောင်နိုင်ဦးက ရှင်းပြပါတယ်။

ဝင်ငွေခွန် ကင်းလွတ်ခွင့် လျှော့ပေးတဲ့ လုပ်ငန်းတွေကတော့ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ မွေးမြူရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ ပညာရေးကဏ္ဍများ၊ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ကဏ္ဍတွေနဲ့ အခြေခံအဆောက်အဦ တည်ဆောက်တဲ့ ကဏ္ဍတွေ ပါဝင်တယ်လို့ သိရပါတယ်။

Source: The Irrawaddy - Burmese Edition

Read 723 times
Rate this item
(0 votes)