Wednesday, 15 February 2017 09:53

ကနုကမာ

ကနုကမာ (တင်္နသာရီတိုင်း) ကနုကမာ (တင်္နသာရီတိုင်း)

  ခုံး၊ ကမာ၊ ယောက်သွားစသော ခရုခွံများတွင် အထပ် ၃ ထပ်ရှိသည့်အနက် အချို့သော ခရုခွံတို့၌ အောက်ဆုံး သို့မဟုတ် အတွင်းဖက်အကျဆုံးအထပ်မှာ ချောမွတ်ပြောင်လက်၍ပုလဲရောင်ထနေသည့်အထပ်မှာ ကနုကမာအထပ်ဖြစ်၍ ဤအထပ်မျိုးပါရှိသည့် ခရုခွံများကို ကနုကမာဟုခေါ်ကြသည်။

 

 

            ကနုကမာအထပ်တွင် ပါဝင်သောပစ္စည်းများမှာ ပုလဲတွင် ပါဝင်သော ပစ္စည်းများနှင့် အတူတူပင်ဖြစ်သည်။ ထုံးဓာတ်ပါသော ပစ္စည်းနှင့် ဦးချိုကဲ့သို့မာသော ပစ္စည်းတို့သည် အဆင့်ဆင့် အထပ်ထပ် တည်နေကြသည်။ ထိုအထပ်များပေါ်သို့ အလင်းကျရောက်သော အခါ အထပ်တို့၏ လွတ်နေသော အစွန်းများက အလင်းကို ယိုင်စေသောကြောင့် စိမ်း၊ နီ၊ ၀ါ၊ ပြာ စသော သက်တံ့ရောင်များ ဖြစ်ပေါ် လာ၍ လှပသော ကနုကမာရောင် ထွက်လာသည်။

            ကနုကမာအထပ်ပါသော ခရုခွံများကို ကမ္ဘာ့အပူပိုင်းဒေသများ၏ ကမ်းရိုးတန်းများတွင် တွေ့ရတတ်သည်။ တောင်ပင်လယ်ကျွန်းများ (ပစိဖိတ်တောင်ပိုင်းကျွန်းများ)၊ ဖိလစ်ပိုင် ကျွန်းစု၊ သြစတြေးလီးယားတိုက်၊ ပနားမားနိုင်ငံ၊ ကာလီဖိုးနီးယား ပြည်တောင်ပိုင်း၊ ဂျပန်ကျွန်းတစ်ဝိုက်နှင့် မလ္လာယုကျွန်းဆွယ် (ပသျှူးကျွန်းစွယ်) တို့တွင် အထူးပေါများသည်။ မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်တွင်လည်း တွေ့ရသည်။ အကောင်းဆုံး ကနုကမာများကို သြစတြေးလီးယားတိုက်နှင့် သီဟိုဠ်ကျွန်း တို့မှ ရသည်။ ပနားမားနိုင်ငံမှရသော ကနုကမာမှာ သေးငယ်၍ အသားထူသည်။ မြောက်အမေရိကတိုက်၊ မစ်စစ်စပီမြစ်နှင့် အခြားမြစ်များရှိ ရေချိုခုံးကောင်များမှလည်း ကနုကမာများကို ရရှိတတ်ပေသည်။ ကနုကမာဖြင့် ရင်ထိုး၊ ကြယ်သီး၊ လည်ဆွဲ စသော လက်ဝတ်တန်ဆာများကို၎င်း၊ ဆေးလိပ်ခွက်၊ ဆေးလိပ်ပြာခွက်၊ ဇွန်းမျိုးစုံ၊ ထမင်းစားပန်းကန်ရွယ်စုံ၊ ထမင်းစားတူ၊ အလှပန်းအိုး၊ ဓားရိုး၊ ထီးရိုး၊ ဓာတ်ပုံဘောင်စသော လူ့အသုံးအဆောင်များကိုလည်းကောင်း ပြုလုပ်ကြသည်။ သစ်သား၊ ယွန်းထည် စသည်တို့နှင့် ဖက်စပ်၍လည်း တူရိယာနှင့် အိမ်သုံးပရိဘောဂများတွင် ပန်းကွက်များဖော်ရာ၌ ကနုကမာကို အသုံးပြုကြသေးသည်။ မြန်မာနိုင်ငံတွင် ကနုကမာဖြင့် ပြုလုပ်သော ပစ္စည်းအသုံးအဆောင်များကို အထူးသဖြင့် မြိတ်နယ်မှ ပြုလုပ်ရောင်းချလေ့ရှိသည်။

            ယခုအခါ ပလတ်စတစ်ဖြင့်လည်း ကနုကမာအတုကို ပြုလုပ်ကြရာ ကနုကမာအတုမှာ ကနုကမာစစ်ကဲ့သို့ပင် လှပ၍ ကနုကမာ အစစ်ထက် ဈေးချိုသည်။ မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး ရှည်လျားသော ကမ်းရိုးတန်းတစ်လျှောက်တွင် ကနုကမာကောင်များ အများ အပြား တွေ့နိုင်သည်။ မြန်မာ့ ကနုကမာလက်ရာပစ္စည်းများကို ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံများသို့ အဓိက တင်ပို့ရောင်းချသည်။ ကုန်ကြမ်းအနေဖြင့် ဘေးထွက်ပစ္စည်းအဖြစ် အလေအလွင့် ကနုကမာအမှုန့်များကို ကိုရီးယားနိုင်ငံသို့ တင်ပို့သည်။

     

Read 2995 times Last modified on Monday, 15 January 2018 06:59
Rate this item
(0 votes)