ကိုဗစ်ကာလအတွင်း မန္တလေးမြို့တွင် ၀ါးမီးပုံးလုပ်ငန်းများ ပြန်လည်စတင်လုပ်ကိုင်

Friday, 23 October 2020 05:19

ရိုးရာလက်မှု လုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့ရိုးရာ လက်ဖြင့်ပြုလုပ်သော ၀ါးမီးပုံး ထုတ်လုပ်သူများ၏ ပြောကြားချက်အရ  ထို ဝါးမီးပုံးလုပ်ငန်းများကို  သီတင်းကျွတ်ပွဲတော် မတိုင်ခင် မန္တလေးမြို့တွင် ပြန်လည်စတင် လုပ်ကိုင်နေသဖြင့် ၀င်ငွေကောင်းများရရှိနေကြောင်း သိရသည်။

မြန်မာပြက္ခဒိန်အရ သီတင်းကျွတ်ပွဲတော်ကို လပြည့်နေ့တွင် ကျင်းပလေ့ရှိသည်။ထို မီးထွန်းပွဲတော်ကာလတွင်  လူအများစုသည် မိမိတို့နေအိမ်များတွင် ရောင်စုံမီးပုံးများ ချိတ်ဆွဲထားလေ့ရှိသည်။အဆိုပါအချိန်တွင်  မီးပုံးများနှင့် ဖယောင်းတိုင်များသည်  ဆိုင်တိုင်းနီးပါးတွင် အရောင်းရဆုံးအချိန်ဖြစ်သည်။

“ ဒါပေမယ့်  ဒီနှစ်မှာ ကိုဗစ်ကူးစက်ရောဂါကြောင့်  မီးပုံးလုပ်ငန်းတွေ ရပ်တန့်သွားမယ်ထင်ခဲ့တာ။ ပြီးခဲ့သည့်နှစ်ကတော့  ကျွန်တော်တို့ ဒီစီးပွားရေးလုပ်ငန်းကို စတင်ခဲ့တာပါ။မနှစ်ကတော့ တော်တော်လေး ရောင်းရတယ်။  ဒါပေမယ့်ဒီနှစ်မှာ စျေးကွက်အတွင်း  မှာယူမှုတွေ ရှိလာတဲ့အတွက် မှာယူမှုများလာတဲ့အခါကျမှ ကျွန်တော်တို့ မီးပုံးတွေ စတင်လုပ်ခဲ့တယ်။”ဟု မီးပုံးရောင်းချသူ တစ်ဦးမှ ပြောကြားသည်။

အဆိုပါ မီးပုံးများသည် အရွယ်အစား၊ ဒီဇိုင်းနှင့်  ကာတွန်းပုံစံပေါ် မူတည်၍ တစ်ခုလျှင် ကျပ် (၁,၅၀၀) မှ (၂၅၀၀) အကြားရောင်းချကြသည်။သို့သော် ယခင်နှစ်နှင့် နှိုင်းယှဥ်ပါက ဝယ်လိုအားမျာ ကျဆင်းလျှက် ရှိကြောင်း သိရသည်။ကိုဗစ် ကူးစက်ရောဂါ အခြေအနေကြောင့် မီးပုံးလုပ်ငန်းများအတွက် စိုးရိမ်မှုများ ရှိကြောင်း မီးပုံးရောင်းချသူ တစ်ဦးထံမှလည်း သိရှိရသည်။

ရိုးရာမီးပုံးများကို ရောင်စုံစက္ကူနှင့်  ၀ါးတို့ဖြင့်ပြုလုပ်လေ့ရှိသည်။ ထို့နောက် ဝါးများကို အဆစ်ချိုးကာ စက္ကူများကို ပုံဖော်ထားသည့်အတိုင်း ကော်နှင့် ကပ်ပေးရခြင်း ဖြစ်သည်။ကျွမ်းကျင်သော လက်မှုပညာရှင်များသည် အဆိုပါ မီးပုံးများကို ဆင်များ၊ ဒေါင်းများ နှင့် လေယာဉ်ပျံများအဖြစ် ပြုလုပ်နိုင်ကြသည်။

သီတင်းကျွတ်ပွဲတော်သည် မြန်မာပြည်သားများအတွက် ထူးခြားသည့် ပွဲတော်တစ်ခုဖြစ်ပြီး လပြည့်နေ့မတိုင်ခင်၊ လပြည့်နေ့နှင့်  လပြည့်ကျော် တစ်ရက်နေ့တို့တွင် ကျင်းပလေ့ရှိသည်။လူအများစုသည် ယင်းတို့နေအိမ်တွင် မီးပုံးများချိတ်ဆွဲကာ ပွဲတော်ကိုကျင်းပကြသည်။

By-Aye Myat

Ref:youtube,gnlm

ယခုနှစ်အတွင်း တရုတ်မှ ၀ယ်ယူမှု များပြားလာသည့်အတွက် နှမ်းနက်စျေးနှုန်း မြင့်တက်

Thursday, 22 October 2020 11:07

မန္တလေး ပဲဈေးကွက်အတွင်းရှိ  နှမ်းနက်ဈေးနှုန်းသည်  တရုတ်နိုင်ငံမှ  ဝယ်လိုအား မြင့်တက်လာသည့်အတွက်  (၂၀၂၀)ခုနှစ် အတွင်းတွင် အမြင့်ဆုံးစျေးအထိ  ရောက်ရှိနေကြောင်း  မန္တလေး ပဲကုန်သည်များမှ  ပြောကြားသည်။

ယခုနှစ် အောက်တိုဘာ လဆန်းပိုင်းလောက်မှ စတင်ကာ ဈေးနှုန်း မြင့်တက်လာခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာလနှင့် နှိုင်းယှဥ်ပါက နှမ်းနက်  (၃) တင်းဝင် (၁) အိတ်လျှင်  (၃၅,၀၀၀) မှ  (၄၅,၀၀၀) အထိ ဈေးတက်လာခြင်း ဖြစ်သည်။ 

စက်တင်ဘာ လဆန်းပိုင်းတွင်  နှမ်းနက် (၃) တင်းဝင် (၁) အိတ်လျှင် (၁၈၀,၀၀၀) ဝန်းကျင်ခန့်ရှိခဲ့သော်လည်း  အောက်တိုဘာ (၁၇) ရက်နေ့ ဈေးနှုန်း ပေါက်ဈေးအရ (၂၅၀,၀၀၀) အထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

“နှမ်းနက်က စက်တင်ဘာ လဆန်းလောက်တုန်းက  (၃) တင်း (၁) အိတ်ကို ( ၁၈၀,၀၀၀)ပဲ ရှိတယ်။ အခု  အောက်တိုဘာလ ပထမပတ်လောက် နေပြီးတော့ စတက်လာတာပေါ့လေ။ ဒီနေ့ ပေါက်ဈေးနဲ့ဆိုရင် (၃) တင်း (၁) အိတ်က (၂၂၀,၀၀၀) ရှိတယ်။ ၁ အိတ်ကို (၃) သောင်းခွဲ (၄) သောင်းနှုန်းလောက် တက်လာတယ်” ဟု စိုးဝင်းမြင့် ပွဲရုံမှ တာ၀န်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ 

နှမ်းသည် သီးထပ် စိုက်ပျိုးနိုင်သော သီးနှံ ဖြစ်သည့်အတွက်  ဒေသအစုံမှ ထွက်လေ့ရှိပြီး  အရည်အသွေး ကောင်းသည့်အတွက်  တရုတ်ဝယ်လက်မှ ပိုမိုကြိုက်နှစ်သက်ခြင်း ဖြစ်သည်။နှမ်းနက်ကို တရုတ်ပြည် မှ သာမက  နှစ်စဉ်နှစ်တိုင်း ဂျပန်နိုင်ငံမှလည်း နှစ်စဥ်နှစ်တိုင်း ၀ယ်ယူလေ့ရှိသည်။ ယခု (၂၀၂၀) ခုနှစ်တွင် တရုတ်ပြည်မှ  ပြန်လည်ဝယ်ယူလာခြင်း ဖြစ်သည်။

ယခုနှစ်အတွင်း နှမ်းနက် ဈေးနှုန်းအမြင့်ဆုံး မြင့်တက်နေသော်လည်း (၂၀၁၉) ခုနှစ်နှင့် နှိုင်းယှဉ်မည်ဆိုပါက ယခင်နှစ် ဈေးနှုန်းထက် လျော့နည်းလျက်ရှိကြောင်း နှမ်းကုန်သည်များမှ ပြောကြားသည်။  

(၂၀၁၉) ခုနှစ်တွင် နှမ်း (၃) တင်းဝင် (၁) အိတ်လျှင်  မြန်မာကျပ်ငွေ (၂၆၀,၀၀၀) ကျော်အထိ ပေါက်ဈေးရှိခဲ့သည်။ထို့ကြောင့် ယခုနှစ် စျေးနှုန်းနှင့် နှိုင်းယှဥ်ကြည့်ပါက လျော့နည်းနေကြောင်း တွေ့ရှိရသည်။

By-Aye Myat

Ref:DVB

စပါးတင်း(၁၀၀)ကို ရန်ကုန်အပါအ၀င် တိုင်းဒေသကြီး(၄)ခုမှ မကြာခင်ဝယ်ယူမည်

Thursday, 22 October 2020 08:50

စပါးစိုက်တောင်သူများ အဆင်ပြေစေရန် ရည်ရွယ်၍ နိုင်ငံတော်မှ  သတ်မှတ်ထားသည့် အခြေခံ ရည်ညွှန်းဈေး ဖြစ်သည့် စပါးတင်း(၁၀၀)ကို (၅)သိန်း(၂)သောင်းနှုန်းဖြင့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ စပါးများအား မကြာခင်ဝယ်ယူသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။

စပါးများ၀ယ်ယူရန်အတွက် ဆန်စက်လုပ်ငန်းရှင်များနှင့် စက်ပိုင်များအား နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် တင်ဒါများ ခေါ်ယူထားသည်ဖြစ်ပြီး စပါး၀ယ်ယူမည့် အစီအစဥ်များကို ယခုနှစ် နိုဝင်ဘာလတွင် စတင်သွားမည် ဖြစ်သည်။

(၂၀၁၉) ခုနှစ်တွင်လည်း ထိုကဲ့သို့ စပါး၀ယ်ယူမှုအား ငွေကျပ် (၁၅) ဘီလီယံ အကုန်အကျခံ၍  ရန်ကုန်၊ ပဲခူးနှင့် ဧရာ၀တီတိုင်းဒေသကြီးတို့မှ ၀ယ်ယူခဲ့ခြင်းများ ရှိခဲ့သည်။ယခုနှစ်တွင်မူ ယခင်နှစ်က ၀ယ်ယူထားသည့် တိုင်း(၃)တိုင်းအပြင် ရခိုင်ပြည်နယ်ပါ ပါဝင်လာသည့်အတွက် ငွေကျပ်ဘီလီယံ (၂၀)ခန့် ထုတ်ယူကာ ဝယ်ယူသွားမည် ဖြစ်သည်။

“မနှစ်တုန်းကလည်း အခြေခံရည်ညွှန်းစျေး (၅) သိန်းနဲ့ စပါးဝယ်ယူပေးခဲ့တယ်။အဲ့လို ၀ယ်ယူပေးခဲ့တဲ့ အခြေအနေကြောင့် စပါးစျေးက ရည်ညွှန်းစျေးအောက် မကျတော့ပဲ တက်လာတယ်။တောင်သူတွေလည်း အကျိုးကျေးဇူး ရရှိခဲ့တယ်။ဒီနှစ်ကလည်း နိုင်ငံတော်ကို ဘီလီယံ (၂၀) တင်ပြ တောင်းခံထားပြီး ဖြစ်ပါတယ်။ဒီဘီလီယံ(၂၀)ကို အသုံးပြုပြီး စပါး၀ယ်ယူသွားမှာ ဖြစ်ပါတယ်။”ဟု စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်၏ ပြောကြားချက်အရ သိရသည်။

“စပါးစိုက်တောင်သူတွေ အနေနဲ့ကတော့ လက်ရှိမှာတော့ အချို့နေရာတွေမှာ မိုးစပါးတွေ စတင်ရိတ်သိမ်းနေပါပြီ။ လက်တလော အခြေအနေမှာတော့ စျေးနှုန်းအနေနဲ့ နိုင်ငံတော်က အခြေခံစျေး သတ်မှတ်ပေးထားတယ်။ဒီစျေးနှုန်းအောက်ရောက်ရင်တော့ ဝင်ဝယ်ပေးဖို့ စီမံနေတဲ့ အနေအထားလည်း ဖြစ်တယ်။တရား၀င်လည်း ကြေညာထားပြီး ဖြစ်တယ်။” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အမှူဆောင်အရာရှိချုပ် ဦးမြင့်လွင်မှ ပြောကြားသည်။

တောင်သူလယ်သမားများ အနေဖြင့်  စပါးများကို  အခြောက်ခံနိုင်သည့် အနေအထားဖြင့် ထားရှိကာ လက်ရှိစျေးနှင့် ရောင်းမည့်အစား  တစ်လဝန်းကျင်ခန့် သိုလှောင်ထားပါက  ထိုက်သင့်သည့်  စျေးနှုန်းဖြင့်  ရရှိမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာ၀န်ရှိသူ တစ်ဦးမှ အကြံပြုထားသည် ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးရှိ ဆန်စက်များကို အောက်ပါလင့်ခ်တွင် ၀င်ရောက် ကြည့်ရှုနိုင်ပါသည်။

>>>https://bit.ly/3klOwF9

By-Aye Myat

Source:MRTV 

 

ရန်ကုန်ရွှေစျေးကွက်အား ယနေ့ အောက်တိုဘာ(၂၂)ရက်နေ့တွင် ပြန်လည်ဖွင့်မည်

Thursday, 22 October 2020 05:58

COVID-19 ကူးစက်ရောဂါ  ပြန်လည်  ပေါ်ပေါက်လာသည့်အတွက်  ဆိုင်းငံ့ထားသော ရန်ကုန်ရွှေ ဈေးကွက်အား  အောက်တိုဘာ (၂၂)ရက်နေ့တွင်  တရားဝင်ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ဥက္ကဌ ဦးမျိုးမြင့်မှ ပြောကြားထားသည်။

ရန်ကုန်မြို့အတွင်းတွင် မြို့နယ်တစ်ခုမှ တစ်ခုသို့သွားလာရန်အတွက်  မရှိမဖြစ်လိုအပ်သော စီးပွားရေး လုပ်ငန်းများမှ အပ စီးပွားရေးလုပ်ငန်းများကို ကန့်သတ်ထားရှိရာမှ  ယနေ့ အောက်တိုဘာ (၂၂)ရက်နေ့တွင် ရွှေဆိုင်များကို ပြန်လည်ဖွင့်လှစ်ခွင့် ပေးမည်ဖြစ်သည်။

အောက်တိုဘာ(၁၂)ရက်နေ့မှ စတင်ကာ ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)အဖွဲ့ဝင်များသည်  ရွှေအရောင်းအ၀ယ်များကို ယင်းတို့ ရုံးခန်း၌ပင်  စတင်ရောင်းချခဲ့သည် ဖြစ်သည်။

COVID-19 ကူးစက်ရောဂါ ပျံ့နှံ့လာမှုများကြောင့် စက်တင်ဘာ (၁၅)ရက်နေ့မှ စတင်၍ ရန်ကုန်ရွှေစျေးကို ခေတ္တပိတ်ထားခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ရွှေစျေးနှုန်းသည် တစ်တန်လျှင်  ကျပ် (၁.၃) သန်းကျော် (၀.၅၇၈ အောင်စ (သို့) ၀.၁၆၁ ကီလိုဂရမ်) ရှိသည်။အောက်တိုဘာလ (၁၂) ရက်နေ့တွင်မူ အချို့သော ရွှေဆိုင်များသည် ကျပ် (၁.၃) သန်းကျော်ဖြင့် ဖွင့်လှစ်ထားသည်။

အောက်တိုဘာလ (၂၀) ရက်နေ့တွင် ရွှေစျေးနှုန်းသည် မြန်မာငွေ( ၁,၃၁၃,၅၀၀)ကျပ်ရှိပြီး  ကမ္ဘာ့ရွှေစျေးမှ အမေရိကန်ဒေါ်လာ (၁,၉၀၁)ခန့်  ရှိသည်။ယခုကဲ့သို့ ရွှေစျေးကွက် ပြန်လည်မဖွင့်ခင် အချိန်က  ရွှေကုန်သည်များသည် ယင်းတို့၏ အိမ်ဆိုင်များတွင် ဆက်လက်ရောင်းချလျက် ရှိခဲ့သည်။

By-Aye Myat

Ref:mdn.gov

 

မန္တလေး စျေးချိုအတွင်း၌ ရှိသည့် ဆိုင်ခန်းပိုင်ရှင်များအား ကုန်ပစ္စည်းများ လာရောက် ထုတ်ယူခွင့်ပြု

Thursday, 22 October 2020 03:32

COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း၌  ယာယီပိတ်ထားသည့် မန္တလေး စျေးချိုအတွင်းရှိ  ဆိုင်ခန်းများမှ  ကုန်ပစ္စည်းများကို ထုတ်ယူလိုသည့်   ဆိုင်ခန်းပိုင်ရှင်များ အနေဖြင့်  အောက်တိုဘာ (၂၁) ရက်နေ့ မှ  အောက်တိုဘာ  (၂၂) ရက်နေ့အတွင်းတွင်   ထုတ်ယူနိုင်မည် ဖြစ်ကြောင်း  စျေးအကျိုးတော်ဆောင်အဖွဲ့မှ ပြောကြားထားသည်။ 

သီတင်းကျွတ်လနှင့် တန်ဆောင်တိုင်လတို့သည် ပွဲတော်ရာသီ ဖြစ်သည့်အတွက်   အရောင်းအဝယ် ကောင်းမွန်သော ကာလဖြစ်ပြီး  ယခုကဲ့သို့ စျေးပိတ်ထားချိန်တွင် အိမ်၌ လက်ကျန်ကုန်စ္စည်းများအား  ရောင်းချနေသော ဆိုင်ပိုင်ရှင်များအတွက် ကုန်ပစ္စည်းများ ပြန်ဖြည့်ရန် အောက်တိုဘာ (၁၄) ရက်နေ့တွင်  မန်းစည်ပင်ကို စာတင်ခဲ့သောကြောင့် ယခုကဲ့သို့ ထုတ်ယူခွင့်ရခြင်း ဖြစ်သည်။

“စျေးချိုပိတ်တာ တစ်လကျော် ကြာပါပြီ။ စျေးသည် (၂၀) ရာခိုင်နှုန်းလောက်က စျေးမပိတ်ခင် သူတို့ ကုန်ပစ္စည်း တချို့ကို အိမ်သယ်သွားပြီး အမှာတွေပို့ပေးကြတယ်။အခုပစ္စည်းက လိုလာပြီ ဖြစ်တဲ့အတွက် ဖြည့်ဆည်းနိုင်ဖို့ တောင်းဆိုလာတာကို တင်ပြခဲ့တာ ထုတ်ယူခွင့်ရတာပါ ”ဟု စျေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးမင်းထွန်း၏ ပြောကြားချက်အရ သိရသည်။

ကုန်ပစ္စည်းထုတ်ယူလိုသည့် ဆိုင်ခန်းရှင်များ အနေဖြင့် သတ်မှတ်စည်းကမ်းများနှင့် အညီ ထုတ်ယူခွင့်ပြုမည် ဖြစ်သည်။အောက်တိုဘာ (၂၁) ရက်နေ့၊ မနက် (၈) နာရီ မှ (၁၂)နာရီအတွင်း A စပယ်ရုံ၊ C သရဖီရုံ၊ E သဇင်ရုံ၊ G စကားဝါရုံ၊ မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်ရုံနှင့် မြောက်ဘက်တိုက်တန်းကြီး ဈေးရုံတို့တွင် သယ်ယူခွင့် ပြုခဲ့သည် ဖြစ်သည်။ 

အောက်တိုဘာ (၂၂) ရက်နေ့တွင်  မနက် (၈) နာရီ မှ (၁၂) နာရီအတွင်း B နှင်းဆီရုံ၊ D ယုဇနရုံ၊ F ကံကော်ရုံ၊ H မြလေးရုံ၊ မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်၊ စက်လှေကားပတ်လည်ဆိုင်ခန်းများ နှင့်အတူ  တောင်ဖက်တိုက်တန်းကြီးဈေးရုံတို့တွင် သယ်ယူခွင့်ပြုမည် ဖြစ်သည်။

ထို့အပြင် စျေးသို့ လာရောက်ကြသူများ အနေဖြင့်  Mask ကို စနစ်တကျတပ်ဆင်ရမည် ဖြစ်ပြီး  Face Shield များကို  တပ်ဆင်လာရန် သတ်မှတ်ထားသည်။

သက်ဆိုင်ရာ ဈေးရုံကိုယ်စားလှယ်များမှ   စိစစ်ခွင့်ပြုမည် ဖြစ်ပြီး  လူဦးရေစာရင်းအတိုင်း ထုတ်ပေးထားသည့်  လည်ဆွဲကတ်ပြား(အပြာရောင်) များကို ဝတ်ဆင်လာရမည် ဖြစ်ပြီး လည်ဆွဲကတ်မပါပါက ဝင်ခွင့်ပြုမည် မဟုတ်ပေ။ 

ထိုသို့ ကုန်ပစ္စည်းသယ်ယူခွင့်ကို  အောက်တိုဘာ (၂၂) ရက်နေ့ နောက်ပိုင်းတွင် လိုအပ်ချက်အရ ကုန်ပစ္စည်းများ ထုတ်ယူလိုပါက  မန်းစည်ပင်သို့ တင်ပြညှိနှိုင်း သွားမည် ဖြစ်သည်။

By-Aye Myat

Ref:MRTV,DVB