မိုးစပါးအပြီး ဆောင်းသီးနှံအစားထိုးစိုက်ပျိုးရန် မိချောင်းကွမ်းဖတ်စိုက်ပျိုးရေးကို တောင်သူများစိတ်ပါဝင်စား
ဧရာဝတီတိုင်းဒေသကြီးရှိ ဒေသတစ်ချို့တွင် မိုးစပါးအပြီး ဆောင်းသီးနှံအစားထိုးစိုက်ပျိုးရန် ကုန်သည်အခေါ် မိချောင်းကွမ်းဖတ်ပင် (တောင်သူအခေါ် ငါးကြီးအန်ဖတ်ပင်) စိုက်ပျိုးရေးကို တောင်သူများ စိတ်ပါဝင်စားနေပါတယ်။
“အခု မတ်ပဲဈေးနဲ့ ဘယ်လိုနလံထူမှာလဲ။ မတ်ပဲတစ်ဧကမှာ ဆယ်တင်းထွက်တယ်။ ဆေးဖိုးက တစ်တင်း၊ မျိုးဖိုးနဲ့ ထွန်ယက်ခ နှစ်တင်း၊ နှုတ်ခ၊ သိမ်းခနဲ့ချွေလှေ့ခ သုံးတင်းပဲထား၊ တောင်သူအတွက် သုံးတင်းပဲ ကျန်တယ်။ ဦးတို့ဒေသမှာ မတ်ပဲတစ်ဧက ဆယ်တင်းဆိုတာလည်း နေရာတိုင်း မထွက်ပါဘူး။ ငါးကြီး အန်ဖတ်က မတ်ပဲလောက်လည်း ကရိကထ မများဘူး။ ရွာအထိ ပွဲစားတွေ လာဝယ်တယ်။ အလုအယက် အိမ်အထိ လာဝယ်တာပါ။ ထွက်သလောက် မလောက်ပါဘူး။ ဘာအတွက် အသုံးပြုတာလည်းတော့ သေချာမသိပါဘူး” လို့ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဂဏိန်းကျေးရွာမှ တောင်သူ ဦးထွန်းထွန်းဝေက ပြောပါတယ်။
မိချောင်းကွမ်းဖတ် (ငါးကြီးအန်ဖတ်) အစေ့အဆံ အသေးအကြီး အရွယ်အစား (၂) မျိုးရှိရာမှာ အစေ့အဆံ အသေးက ပို၍ ဈေးကောင်းရရှိပြီး တစ်ပိဿာကို ကျပ် ၆,၅၀၀ မှ ကျပ် ၁၁,၀၀၀ အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
“စပါးအစားထိုး အပြင် ပန်းတနော်မြို့နယ်ဆို အရင်က ရေကျချိန် ငရုတ်စိုက်တဲ့နေရာတွေ ငရုတ်အစားထိုး အဖြစ် စိုက်လာပါပြီ။ ဧရာဝတီတိုင်း တစ်တိုင်းလုံးလည်း မစိုက်သေးပါဘူး။ လပွတ္တာတို့ မြန်အောင်တို့ ဘက်တွေမှာ စိုက်ပျိုးတာ မတွေ့ရသေးပါဘူး” လို့ ၄င်းက ဆက်လက်ပြောပါတယ်။
အပင်စိုက်ပျိုးပြီး အစေ့ခြောက်၍ ရိတ်သိမ်းရန် အဆင်သင့်ဖြစ်ချိန်တွင် အပင်ခြောက်များကို တံစဉ်ဖြင့် ရိတ်သိမ်းရတာလို့ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်က တောင်သူတစ်ဦးက ပြောပါတယ်။
မြေပိုင်ရှိတဲ့ တောင်သူတွေအနေနဲ့ တစ်ဧကရိတ်သိမ်းခ ၆၀,၀၀၀ ကျပ် ၀န်းကျင်အပါအ၀င်၊ သွင်းအားစု မြေသြဇာစရိတ် အပြီးအစီး၊ တစ်ဧကစိုက်ပျိုးစရိတ် ၃၀၀,၀၀၀ သိန်းကျပ်ခန့် ကုန်ကျပြီး တစ်ဧကကို ပိဿာ၂၀၀ အထိ ထွက်ရှိသည့်အတွက် စိုက်ပျိုးလို့ တွက်ချေကိုက်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မအူချောင်းကျေးရွာမှ မိချောင်းကွမ်းဖတ် စီးပွားဖြစ်စိုက်ပျိုးသူ ဦးဝင်းနိုင်က ပြောပါတယ်။
“ရန်ကုန်ဒိုင်တွေ၊ မူဆယ်ဒိုင်တွေ ဆင်းဝယ်ပါတယ်။ နယ်ဘက်ကလည်း တိုက်ရိုက်ဆင်းဝယ်တယ်။ ဒီနှစ်မှာ ဆောင်းသီးနှံအဖြစ် မိချောင်းကွမ်းဖတ်ကိုပဲ များများစားစား စိုက်မှာပါ။ လက်ရှိဈေးကွက်မှာ သူက ထိပ်ဖြစ်နေတာကိုး။ မတ်ပဲပိဿာ၂၀ တစ်တင်းကို အများဆုံးဈေး ၁,၂၀၀၀ ပဲရတယ်။ တောင်သူတွေ မတ်ပဲလုပ်တော့ ရှုံးတယ်ဖြစ်နေတာကိုး။ မိချောင်းကွမ်းဖတ်က တစ်ပိဿာကို ပျမ်းမျှဈေး ၇,၀၀၀ ကျပ်နဲ့ တွက်ရင်တောင် တစ်ဧကကို ဆယ်သိန်းကျော် မြတ်ပါတယ်။ ရေရှည်ဈေးကွက်ရှိအောင်တော့ ဒီပစ္စည်းကို ဘယ်နေရာအတွက် အသုံးပြုနေလည်းဆိုတာကို သေချာလေ့လာရမှာပါ” လို့ ဦးဝင်းနိုင်က ဆက်လက် ပြောပါတယ်။
မိချောင်းကွမ်းဖတ်ကို ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မအူပင်မြို့နယ်၊ ညောင်တုန်းမြို့နယ်တို့တွင် စိုက်ပျိုးနေပြီး စပါး စိုက်ပျိုး၍မရသည့် မြေနိမ့်ကွင်း၊ ရေမြှုပ်ကွင်း အနိမ့်ပိုင်း မြေနေရာများတွင်လည်း စိုက်ပျိုးနိုင်ပါတယ်။
မိုးဦးကာလတွင် မျိုးစေ့များကို ပျိုးထောင်ထားပြီး စပါးရိတ်သိမ်းပြီးချိန်ရောက်ပါက ရေတင်ထွန်ယက် စိုက်ပျိုး သည့် စနစ်အပြင်၊ စပါးစိုက်ပျိုး၍ မရသည့် ဒေသများတွင်မူ ရေကျချိန်ထွန်ယက်ပြီး ကြဲပက်စိုက်ပျိုးသည့် စနစ်ဖြင့် ဒေသရေမြေ အနေအထားပေါ် မူတည်ပြီး စိုက်ပျိုးကြတယ်လို့ သိရပါတယ်။
နန်းထက်ထက်ချစ်
Myanmar Business Directory-Upper/Lower